မြန်မာနိုင်ငံမှ (Chemical Weapons Convention – CWC) ဆိုင်ရာ Initial Declaration ပြုလုပ်ရန် အစည်းအဝေး


Date : 18 August, 2015

????????????????????????????????????

သိပ္ပံနှင့်နည်းပညာ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာအောင်ကျော်မြတ်သည် ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်နေ့ နေ့လည် ၂ နာရီတွင် အဆိုပါ၀န်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံမှ (Chemical Weapons Convention – CWC) ဆိုင်ရာ Initial Declaration ပြုလုပ်ရန် အစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။

            ဒုတိယ၀န်ကြီး ဒေါက်တာအောင်ကျော်မြတ်မှ ပြောကြားရာတွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံသည် ၁၉၉၃ ခုနှစ်တွင် ဓာတုလက်နက်တားဆီးပိတ်ပင်ရေးစာချုပ် (Chemical Weapons Convention – CWC) ကို လက်မှတ်ရေးထိုးခဲ့၍ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့၌ စာချုပ်တွင် အတည်ပြုပါ၀င်လာခဲ့ပါသဖြင့် မြန်မာနိုင်ငံ အနေဖြင့် ၁၉၁ နိုင်ငံမြောက် စာချုပ်၀င်နိုင်ငံ ဖြစ်လာခဲ့ပါကြောင်း၊ အဆိုပါ ဓာတုလက်နက် တားဆီးပိတ်ပင်ရေး စာချုပ်အရ ဓာတုလက်နက်များ အသုံးပြုခြင်း၊ ထုတ်လုပ်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ပိုင်ဆိုင်ခြင်း၊ စုဆောင်းခြင်း နှင့် လွှဲပြောင်းခြင်းကို တင်းကျပ်စွာ တားမြစ်ထားပြီး အဖွဲ့၀င်နိုင်ငံများအနေဖြင့် စုပုံနေသော ဓာတုလက်နက်များနှင့် ဆက်စပ်ထုတ်လုပ်ထားသောပစ္စည်းများ၊ ဟောင်းနွမ်းနေသော ဓာတုလက်နက်များကို ဖျက်ဆီးရန်နှင့် ပွင့်ပွင့်လင်းလင်း ကြေညာသွားရန်ဖြစ်ပါကြောင်း။

            ဓာတုလက်နက်တားဆီးပိတ်ပင်ရေး စာချုပ်အား အတည်ပြုပါဝင်ရေး စာချွန်လွှာပေးအပ် ပြီးနောက် ရက်ပေါင်း ၃၀ အကြာတွင် စာချုပ်ပါ ပြဋ္ဌာန်းချက်များ မှ မြန်မာနိုင်ငံအပေါ်သို့ အာဏာသက်ဝင်မည်ဖြစ်ပြီး ၁၉၁ နိုင်ငံမြောက် စာချုပ်အဖွဲ့ဝင် နိုင်ငံ ဖြစ်လာမည် ဖြစ်ပါကြောင်း၊ စာချုပ်အာဏာသက်ဝင်ပြီးနောက် ရက်ပေါင်း ၃၀ ထက် နောက်မကျဘဲ စာချုပ်၏ နောက်ဆက်တွဲ တွင် ဖော်ပြထားသော ဓာတုပစ္စည်းစာရင်း များအနက် ပြည်တွင်းတွင် အသုံးပြုသည့် ဓာတုပစ္စည်းများဆိုင်ရာ အချက်အလက် များအား အစီရင်ခံခြင်းကို ဆောင်ရွက်ရမည်ဖြစ်ပြီး အဆိုပါ လုပ်ငန်းစဉ်များအတွက် အတည်ပြုပါဝင်ရေး စာချွန်လွှာပေးအပ်ပြီးနောက် စာချုပ်အရ အမျိုးသားအာဏာပိုင် အဖွဲ့ ဖွဲ့စည်းခြင်း၊ စာချုပ်၏ နောက်ဆက်တွဲစာချုပ်ပါ ဓာတုပစ္စည်းစာရင်းဆိုင်ရာ ပဏာမအစီရင်ခံစာ (Initial Declaration) ပေးပို့ခြင်း၊ လိုအပ်သော ဥပဒေ၊ နည်းဥပဒေများ ရေးဆွဲခြင်းများကို ပေါင်းစပ်ညှိနှိုင်း အကောင်အထည်ဖော် ဆောင်ရွက် သွားရမှာ ဖြစ်ပါကြောင်း။

            သို့ဖြစ်ပါ၍ CWC စာချုပ်ဝင် နိုင်ငံအနေဖြင့် ပြုလုပ်ရမည့် Follow up action ဖြစ်သော အရေးကြီးဆုံး Initial Declaration ပြုလုပ်နိုင်ရေးအတွက် တက်ရောက်လာကြသူများမှ လိုအပ်ချက်များကို ဝိုင်း၀န်းအကြံပြု ဆွေးနွေးတင်ပြ ပေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

            ဆက်လက်၍ သိပ္ပံနှင့်နည်းပညာ၀န်ကြီးဌာန၊ သုသေသနနှင့်တီထွင်ဆန်းသစ်မှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦး၀င်းခိုင်မိုးမှ CWC ဆိုင်ရာ Initial Declaration ပြုလုပ်နိုင်ရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး အစည်းအဝေးတက်ရောက်လာသူ များမှ Initial Declaration ပြုလုပ်နိုင်ရေးအတွက် လိုအပ်ချက်များကို ဝိုင်း၀န်းအကြံပြု ဆွေးနွေးခဲ့ကြပါသည်။

            အဆိုပါ အစည်းအဝေးသို့ သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။



Bookmark the permalink.

Comments are closed.