ထား၀ယ်မြို့ရှိ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများသို့ ကြည့်ရှုစစ်ဆေး


Date : 27 August, 2015

????????????????????????????????????

သိပ္ပံနှင့်နည်းပညာ၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာကိုကိုဦးသည် ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့တွင် ထားဝယ်မြို့သို့ ရောက်ရှိခဲ့ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးဝင်းဆွေနှင့်အတူ ကွန်ပျူတာတက္ကသိုလ် (ထားဝယ်) သို့ရောက်ရှိ၍ ကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံခဲ့ပါသည်။

            ထိုသို့ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားရာ၌ ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှုများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ တက္ကသိုလ်များ အနေဖြင့် Autonomous University အဖြစ် လွတ်လပ်စွာ ရပ်တည်နိုင်ရေးအတွက် ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများအားလုံးက ကြိုတင်ပြင်ဆင်ကြရန်နှင့် အတူတကွ ပူးပေါင်းကြိုးစား ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ပညာရေးစနစ်သည် Quality Education ကို ဦးတည်သွားနေသည်ဖြစ်၍ ပညာရည်မြင့်မားရေးအတွက် ဆရာ၊ ဆရာမများ၏ ကြိုးစားမှုသည်လည်း အလွန်အရေးပါပြီး တက္ကသိုလ်တစ်ခု၏ အရည်အသွေး အသိအမှတ်ပြုမှုနှင့် အရည်အသွေး အာမခံချက်များ ရှိရန်လည်း လိုအပ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့ လေ့လာသင်ယူ နေသော ပညာရပ်များကို ဂရုတစိုက် လေ့လာသင်ယူကြရန်နှင့် အမှန်တကယ် တတ်မြောက်အောင် လေ့လာသင်ယူကြရန် လိုအပ်ပါကြောင်း၊ Autonomous University ဖြစ်လာပြီဆိုလျှင် မိမိတို့တက္ကသိုလ်ကြီး တိုးတက်အောင်မြင်နေဖို့အတွက် ကျောင်းသား၊ ကျောင်းသူများကပါ ဝိုင်းဝန်းကြိုးစားလုပ်ဆောင်ပေးဖို့ လိုအပ်ပါ ကြောင်း။

            ဆရာ၊ ဆရာမများကလည်း အရည်အချင်းပြည့်ဝသော ကျောင်းသား၊ ကျောင်းသူများ ဖြစ်လာစေရန် လက်တွေ့နယ်ပယ်ဖြစ်သော လုပ်ငန်းခွင်များတွင် လက်တွေ့အသုံးချနိုင်သည့် အဆင့်အထိရောက်အောင် သင်ကြားပေးရန် လိုအပ်ပါကြောင်း၊ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာတွင် နိုင်ငံတော်မှ ချမှတ်ထားသော လမ်းညွှန်ချက်များနှင့် မူဝါဒများကို တိတိကျကျ လိုက်နာဆောင်ရွက်ကြရန်၊ အလုပ် လုပ်ရာတွင် Effective ဖြစ်အောင် လုပ်ဆောင်ကြရန်နှင့် အချိန်ပေးပြီး လုပ်ဆောင်ကြရန် လိုအပ်ပါကြောင်း၊ မိမိတို့ တက္ကသိုလ်များအား နိုင်ငံတကာ အသိအမှတ်ပြု တက္ကသိုလ်များ ဖြစ်လာရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် ထိုသို့ ဆောင်ရွက်ရာတွင် စီမံခန့်ခွဲမှု အရည်အသွေး (Quality Management System) ကို ဦးစွာပြင်ဆင်ရမှာဖြစ်ပြီး ISO လက်မှတ် ရရှိရေးအတွက် ပထမ အဆင့်အနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ယခုကဲ့သို့ လာရောက် တွေ့ဆုံခြင်းမှာလည်း တက္ကသိုလ်နှင့် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ၏ လိုအပ်ချက်များရှိပါက ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်ပေးရန်ဖြစ်ကြောင်းနှင့် လိုအပ်ချက်များကို တင်ပြကြရန် ပြောကြားခဲ့ပါသည်။

            ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများလည်း လိုအပ်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ဖြည့်ဆည်းပေးရေး ဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေး ပြောကြားသွားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စာသင်ခန်းများ၊ လက်တွေ့ခန်းများနှင့် အလုပ်ရုံများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

            ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် နည်းပညာတက္ကသိုလ်(ထား၀ယ်) သို့ ‌သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး ကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခြင်း၊ တက္ကသိုလ်နှင့် ဆရာ၊ ဆရာမများ၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ကိစ္စရပ်များအား ဆောင်ရွက်ပေးခဲ့ပါသည်။

            ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အစိုးရနည်းပညာအထက်တန်းကျောင်း (ထား၀ယ်)သို့ ‌ရောက်ရှိခဲ့ပြီး ကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံကာ စာသင်ခန်းများ၊ လက်တွေ့ခန်းများ၊ အလုပ်ရုံများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြား ခဲ့ကြောင်း သတင်းရရှိပါသည်။



Bookmark the permalink.

Comments are closed.