အဏ္ဏဝါ-ကမ္ဘာမြေသိပ္ပံပညာရပ်နယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး


Date : 4 March, 2016

DSC_0023

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာနနှင့် ဂျပန်နိုင်ငံ၊ အဏ္ဏဝါ-ကမ္ဘာမြေသိပ္ပံနှင့်နည်းပညာရပ်ဆိုင်ရာ ဂျပန်အေဂျင်စီ (Japan Agency for Marine-Earth Science and Technology-JAMSTEC) ၊ ပညာရေး၊ ယဉ်ကျေးမှု၊ အားကစား၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတို့ ပူးတွဲစီစဉ်သော Marine and Earth Science နယ်ပယ်နှင့် ဆက်နွယ်သည့် အဖွဲ့အစည်းများအကြား အဏ္ဏဝါ-ကမ္ဘာမြေသိပ္ပံပညာရပ်နယ်ပယ် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ Geoscience Joint-Research Project Development လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၆ ခုနှစ်၊ မတ်လ (၄) ရက်နေ့ နံနက် (၁၀) နာရီတွင် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့ သိပ္ပံနှင့်နည်းပညာ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာအောင်ကျော်မြတ် တက်ရောက်၍ အမှာစကား ပြောကြားခဲ့ပါသည်။

          ဒုတိယ၀န်ကြီးက ပြောကြားရာတွင် မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့ အကြား အဏ္ဏဝါ-ကမ္ဘာမြေ သိပ္ပံပညာရပ်နယ်ပယ်တွင် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ရှေ့ရှုရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန အနေဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တူညီသော မူဝါဒအောက်တွင် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ဆောင်ရွက်လျက်ရှိသော သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို စုစည်းပြီး ကောင်းမွန်သော ရလဒ်များ ရရှိစေရေး ဦးစားပေးအဆင့်အလိုက် သုတေသနလုပ်ငန်းများကို ဦးဆောင်ဆောင်ရွက် သွားမည့် အဖွဲ့အစည်းဖြစ်ပါကြောင်း။

          သိပ္ပံပညာရပ်နယ်ပယ်တွင် ဂျပန်-အာရှ လူငယ်များ အပြန်အလှန် လဲလှယ်ရေးအစီအစဉ် Japan Asia Youth Exchange Program in Science (SAKURA Exchange Program in Science) အရ မြန်မာနိုင်ငံမှ အရည်အချင်းရှိသူ လူငယ်သိပ္ပံပညာရှင်၊ သုတေသနပညာရှင်များအား အဏ္ဏဝါ-ကမ္ဘာမြေ သိပ္ပံနှင့်နည်းပညာရပ်ဆိုင်ရာ ဂျပန်အေဂျင်စီ အစီအစဥ်ဖြင့် ဂျပန်နိုင်ငံသို့ ကာလတို စေလွှတ်ရေးအတွက် ဆက်သွယ်ပူးပေါင်း ဆောင်ရွက်မည့် အစီအစဉ်တစ်ရပ်ဖြစ်မြောက်အောင် ပံ့ပိုးဆောင်ရွက်ရန်နှင့် မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့အကြား အဏ္ဏဝါ-ကမ္ဘာမြေသိပ္ပံနှင့်နည်းပညာရပ် နယ်ပယ်တွင် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ရှုရန် ရည်ရွယ်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ မြန်မာဘူမိ သိပ္ပံအဖွဲ့အစည်း ပေါ်ပေါက်လာခြင်း နှင့်အတူ ဘူမိသိပ္ပံဆိုင်ရာ စူးစမ်း ရှာဖွေရေး၊ သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်မှုနယ်ပယ်တွင် ရှိပြီးပစ္စည်း များနှင့် လိုအပ်ချက်များ ဖေါ်ထုတ်နိုင်ခြင်း၊ ဘူမိဗေဒ၊ ဘူမိဓါတုဗေဒ၊ ကမ္ဘာ့မြေ မျက်နှာသွင်ပြင် ပညာရပ် နယ်ပယ်များတွင် ကျယ်ပြန့်သော အသိဉာဏ်နှင့် စူးစမ်းရှာဖွေမှုများ ရရှိလာနိုင်မည့်အပြင် ဘူမိသိပ္ပံဆိုင်ရာ စူးစမ်း ရှာဖွေရေးနယ်ပယ်တွင် ပြီးပြည့်စုံသည့် အဆိုပြုချက်များ ရယူသွားနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက် သတ္တုတွင်းဝန်ကြီးဌာန၊ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တု ရှာဖွေရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲမြင့်ဆွေ၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ အဏုမြူစွမ်းအင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်မောင်လတ်နှင့် အဏ္ဏဝါ-ကမ္ဘာမြေသိပ္ပံနှင့်နည်းပညာရပ်ဆိုင်ရာ ဂျပန်အေဂျင်စီမှ တာဝန်ရှိသူများက Status of Geoscience Research and Education ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်းသည့် သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ကြပြီး အစည်း အ‌ေ၀းသို့ တက်ရောက် လာကြသော သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများကလည်း လိုအပ ်သည်များကို အကြံပြုဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိပါသည်။



Bookmark the permalink.

Comments are closed.