မန္တလေးတိုင်းဒေသကြီးရှိ ရတနာပုံတက္ကသိုလ်သို့ ကြည့်ရှုစစ်ဆေး


Date : 17 August, 2016

DSC_0252

နေပြည်တော်၊ သြဂုတ် ၁၆

               ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၁၅) ရက်နေ့ နံနက် ၈ နာရီတွင် မန္တလေးတိုင်းဒေသကြီးရှိ ရတနာပုံတက္ကသိုလ်သို့ မန္တလေးတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် သွားရောက်ခဲ့ပြီး ပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံခဲ့ပါသည်။

     ထိုသို့တွေ့ဆုံရာတွင် ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ်မှ ရတနာပုံတက္ကသိုလ်အတွင်းသို့ မြစ်ရေကြီးမှုကြောင့်ဖြစ်ပေါ်ခဲ့သော ရေကြီးရေလျှံခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးမှ တက္ကသိုလ်ပုရဝုဏ်အတွင်း ရေကြီးရေလျှံစဉ် အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးခဲ့သော မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ အား အထူးကျေးဇူးတင်ရှိပါကြောင်း၊ နောင်တစ်ချိန်တွင်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာနိုင် ပါသဖြင့် ကြိုတင်ပြင်ဆင်မှုများကိုလည်း စီမံချက်အစီအစဉ်များ ရေးဆွဲဆောင်ရွက်ထားရန် လိုအပ် ပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့်လည်း မိမိတို့တက္ကသိုလ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသ၏ လိုအပ်ချက်နှင့် လိုက်လျောညီထွေဖြစ်သော ဘွဲ့ရလူငယ်မောင်မယ်များ ပြုစုပျိုးထောင်နိုင်ရေးတို့အတွက် သုတေသနလုပ်ငန်းများကိုလည်း ဒေသလိုအပ်ချက်နှင့်အညီ စဉ်ဆက်မပြတ်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်မှ မိမိတို့တိုင်းဒေသကြီး အစိုးရအနေဖြင့် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို တတ်နိုင်သမျှအနီးကပ်‌ ကူညီ စောင့်ရှောက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့်လည်း မိမိတို့တက္ကသိုလ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနလုပ်ငန်းများကိုလည်း ဒေသလိုအပ်ချက်နှင့်အညီ ကြိုးစား ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။

              ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် ရတနာပုံတက္ကသိုလ်ရှိ စာသင်ခန်းများ၊ တက္ကသိုလ်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးနှင့် ပြန်လည်ပြုပြင်ရေးလုပ်ငန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာ ကြားဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DSC_0301

DSC_0270

DSC_0275



Bookmark the permalink.

Comments are closed.