အိုင်ဆိုတုပ်နည်းပညာ အသုံးပြု၍ မြေအောက်ရေအရင်းအမြစ်များ စီမံခန့်ခွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ


Date : 18 August, 2016

IMG_0168

နေပြည်တော်၊ သြဂုတ် ၁၇

               ပညာရေးဝန်ကြီးဌာန၊ အဏုမြူစွမ်းအင်ဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင် အေဂျင်စီ (IAEA) တို့ (၂၀၁၆-၂၀၁၇) ကာလအတွင်း နည်းပညာပူးပေါင်း ဆောင်ရွက်ရေးအစီအစဉ် တစ်ရပ်ဖြစ်သည့် အိုင်ဆိုတုပ်နည်း ပညာအသုံးပြု၍ ‌မြေအောက်ရေအရင်းအမြစ်များ စီမံခန့်ခွဲရေး ဆိုင်ရာစီမံကိန်း၏ ပထမ အဆင့်အနေဖြင့် မြေအာက်ရေနမူနာ ကောက်ယူခြင်းများဆိုင်ရာ ကွင်းဆင်းလုပ်ငန်းများ ရေးဆွဲဆောင်ရွက် ရေး အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၁၅) ရက်နေ့တွင် ရန်ကုန်မြို့ရှိ ကန်တော်ကြီးပဲလေ့စ် ဟိုတယ်၌ ကျင်းပခဲ့ရာ အဏုမြူစွမ်းအင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်မောင်လတ်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

               အဏုမြူစွမ်းအင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်မောင်လတ်က အဖွင့်အမှာစကား ပြောကြားရာတွင် ယခုဆယ်စုနှစ်တစ်စုအတွင်း ကမ္ဘာ့နိုင်ငံများတွင် မြေအောက်ရေသည် အရေးကြီးဆုံးသော သဘာဝအရင်းအမြစ်အဖြစ် ထင်ရှားပေါ်လွင်လာပါကြောင်း၊ မြေအောက်ရေသည် မျက်နှာပြင်ပေါ်ရေနှင့် နှိုင်းယှဥ်ပါက အရည်အသွေးပိုမိုကောင်းမွန်ခြင်း၊ ရာသီအလိုက်နှင့် အမြဲဖြစ်ပေါ်သော ရေလွှမ်းမိုးမှုဖြစ်ရပ် များကြောင့် ရောဂါပိုးကျရောက်မှုများအပါအဝင် ရေညစ်ညမ်းမှုများမှ ကာကွယ်နိုင်ခြင်းနှင့် မျက်နှာပြင်ပေါ် ရှိရေထက် ပိုမိုကျယ်ပြန့်သောနယ်ပယ်များအထိ ထပ်တူညီစွာ ပြန့်နှံ့နိုင်ခြင်းတို့ကြောင့် ရေကောင်းရေသန့်ရ ရှိမှု အရင်းအမြစ်တစ်ခုအဖြစ် ပဓာနကျသော အသုံးဝင်မှုများရှိပါကြောင်း၊ မြေအောက်ရေသည် မျက်နှာပြင်ပေါ် ရှိရေမရရှိနိုင်သော နေရာများတွင် ရရှိနိုင်ခြင်းကြောင့်  မြေအောက်ရေသည် ရေလိုအပ်ချက်ကြောင့် ဖြစ်ပေါ်လာသည့် အခက်အခဲများစွာကို ကောင်းမွန်စွာဖြေရှင်းနိုင်ပါကြောင်း၊ မြေအောက်ရေများ အရည် အသွေး ကောင်းမွန်အောင်ဆောင်ရွက်ခြင်းသည် မိမိတို့နိုင်ငံအတွင်း ရေကောင်းရေသန့်နှင့် သန့်ရှင်းသော သောက်သုံးရေရှိခြင်းအတွက် အထူးအရေးကြီးသည့်ကဏ္ဍဖြစ်ပါကြောင်း၊ မြေအောက်ရေအကြောင်းကို လေ့လာခြင်းနှင့်ကွဲပြားသော ရည်ရွယ်ချက်များအတွက် လက်တွေ့အသုံးဝင်မှုများကို သတ်မှတ်သော အခါတွင် အရေးကြီးသော တွင်းထွက်အရင်းအမြစ်အဖြစ်သာမက သဘာဝပတ်ဝန်းကျင်၏ အဓိကကျသော အစိတ်အပိုင်းများထဲမှ တစ်ခုဖြစ်ပါကြောင်း။

               မြေအောက်ရေသည် နိုင်ငံတစ်ခု တစ်နိုင်ငံ၏ အဓိကကျသောအရေးပါသည့် သဘာဝအရင်းအမြစ် များထဲမှ တစ်ခုအပါအဝင်ဖြစ်ပါကြောင်း၊ ရေအားလျှပ်စစ်ထုတ်လုပ်ခြင်းအဖြစ် အသုံးပြုခြင်းမှလွဲ၍ ရေအသုံးပြုသည့် အကြောင်းအရာများ၏ ၄၀ ရာခိုင်နှုန်းသည် မြေအောက်ရေ အရင်းအမြစ်များ ဖြစ်ပါကြောင်း၊ ထို့အပြင် နိုင်ငံတစ်နိုင်ငံ၏ ကျန်းမာရေးကဏ္ဍနှင့် စီးပွားရေးကဏ္ဍများအတွက် လွန်စွာ အရေးပါလျက် ကျယ်ပြန့်စွာအသုံးပြုလျက်ရှိသော အရင်းအမြစ်တစ်ခု လည်းဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ဘာသာရပ်အသီးသီးကို ဆောင်ရွက်နေကြသည့် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ ပေါင်းစပ်ဆောင်ရွက် ရသည့် လုပ်ငန်းလည်းဖြစ်ပါကြောင်း၊ ယခုအလုပ်ရုံ ဆွေးနွေးပွဲအား လာရောက်ကျင်းပပေးသည့်အတွက် အပြည်ပြည်ဆိုင်ရာအဏုမြူ စွမ်းအင်အေဂျင်စီအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

                  အလုပ်ရုံဆွေးနွေးပွဲသို့ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်သို့ သွားရောက်၍ မြေအောက်ရေနမူနာကောက်ယူခြင်းဆိုင်ရာ လုပ်ငန်းများကို လက်တွေ့ကွင်းဆင်း ဆောင်ရွက်ကြမည်ဖြစ်ပြီး အလုပ်ရုံဆွေးနွေးပွဲကို သြဂုတ်လ (၁၅) ရက်နေ့မှ (၁၉) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

IMG_0185



Bookmark the permalink.

Comments are closed.