နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတာက္ကသိုလ်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး


Date : 19 August, 2016

DSC_0015

နေပြည်တော်၊ သြဂုတ် ၁၈

               နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၁၇) ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်တွင် ပညာရေးဝန်ကြီးဌာန၊ စုဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

       ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားရာတွင် တက္ကသိုလ်များအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား ဘွဲ့ရရုံသင်ကြားပေးခြင်းမျိုးမဟုတ်ဘဲ အရည်အသွေးပြည့်ဝသော အင်ဂျင်နီယာများနှင့် ကွန်ပျူတာပညာရှင်များ ပေါ်ထွန်းလာအောင် Quality Drive ကို ဦးစားပေးပြီး လေ့ကျင့်သင်ကြားပေးသွားကြရန် လိုအပ်ပါကြောင်း၊ အရည်အသွေးပြည့်ဝသော ဘွဲ့ရလူငယ်မောင်မယ်များ မွေးထုတ်ပေးနိုင်ရေးအတွက် ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍသည် အထူးအရေးပါသဖြင့် ဆရာ၊ ဆရာမများ၏ သုတေသနနှင့် သင်ကြားသင်ယူမှု အရည်အသွေးများကိုလည်း စဉ်ဆက်မြှင့်တင်နေရမည် ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် ဒေသအကျိုးပြု သုတေသနလုပ်ငန်းများကို စဉ်ဆက်မပြတ် ပြုလုပ်သွားကြမှသာ လုပ်သားစျေးကွက်နှင့် လိုက်လျောညီထွေ ယှဉ်ပြိုင်နိုင်စွမ်းရှိသော အင်ဂျင်နီယာများနှင့် ကွန်ပျူတာပညာရှင်များ မွေးထုတ်ပေးနိုင်သော တက္ကသိုလ်များ ဖြစ်လာမည်ဖြစ်ပါကြောင်း။

           ဝန်ထမ်းများ၏ ရာထူးတိုး၊ ပြောင်းရွှေ့ဆိုင်ရာ ကိစ္စရပ်များကိုလည်း မူဝါဒများချမှတ်ပြီး ဝန်ထမ်းများ၏ Performance Base အလိုက် ဘက်လိုက်မှုမရှိဘဲမျှတစွာ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် အခြေခံစာတတ်မြောက်ရေးလှုပ်ရှားမှုများကို ဆောင်ရွက် လျက်ရှိရာ ယခုနှစ်တွင်လည်း Pilot Project အနေဖြင့် အခြေခံစာတတ်မြောက်ရေး လှုပ်ရှားမှုများကို အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် ဆောင်ရွက်သွားမည်ဖြစ်သဖြင့် နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများမှ အခြေခံစာတတ်မြောက်ရေး လှုပ်ရှားမှုတွင် တတတ်တအား ပါဝင်ဆောင်ရွက်ပေးကြစေလိုပါကြောင်းပြောကြားခဲ့ပါသည်။

        ထို့နောက် အမြဲတမ်းအတွင်းဝန် ဦးကျော်စွာစိုးနှင့် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းတို့က အမှာစကားပြောကြားခဲ့ကြပြီး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်လာကြသော ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများက သင်တန်းရေးရာနှင့် စာမေးပွဲဆိုင်ရာကိစ္စရပ်များ၊ ဝန်ထမ်းများ၏ အရည်အသွေးမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်နှင့် စပ်လျဉ်း၍ တင်ပြဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DSC_0015



Bookmark the permalink.

Comments are closed.