အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဥပဒေများနှင့်စပ်လျဉ်းသည့် ဆွေးနွေးပွဲကျင်းပ


Date : 22 August, 2016

DSC_0169

နေပြည်တော်၊ သြဂုတ်လ ၂၀

  မြန်မာနိုင်ငံတွင် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်စနစ် ဖြစ်ထွန်းပေါ်ပေါက်လာနိုင်ရေးအတွက် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဥပဒေများနှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲကို ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၂၀) ရက်နေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ၊ Park Royal ဟိုတယ်၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက် အမှာစကား ပြောကြားခဲ့ပါသည်။

               ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားရာတွင်  ယနေ့ကျင်းပပြုလုပ်သော အခမ်းအနားသည် ပညာရေးဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော  အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်ဥပဒေများဖြစ်သည့် တီထွင်မှုမူပိုင်ခွင့်ဥပဒေ၊ ဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ ကုန်အမှတ်တံဆိပ် ဥပဒေနှင့် မူပိုင်ခွင့်ဥပဒေများ ပြဋ္ဌာန်းကျင့်သုံးနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်း တင်ပြသည့် အခမ်းအနားဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံတွင် အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်စနစ် ဖြစ်ထွန်းပေါ်ပေါက်ရေးအတွက် လိုအပ်သောလုပ်ငန်းများကို တာဝန်ယူဆောင်ရွက် လျက်ရှိရာ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ သဘောတူညီချက်များနှင့်ကိုက်ညီသော အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်ဥပဒေများကို မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းကျင့်သုံးဆောင်ရွက်နိုင်ရေးအတွက် ကြိုးပမ်းရေးဆွဲ လျက်ရှိပါကြောင်း၊ မူပိုင်ခွင့်ဥပဒေများရေးဆွဲရာတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထောင်စုတရား လွှတ်တော်ချုပ်ရုံး၊ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်နှင့် ဆက်စပ်နေသော ဝန်ကြီးဌာနများ၊ အစိုးရမဟုတ်သော ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေးပြီး ဥပဒေများအပေါ်ပြင်ဆင်မှုများ အကြိမ်ကြိမ် ပြုလုပ်၍ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဥပဒေများဖြစ်သော တီထွင်မှုမူပိုင်ခွင့်ဥပဒေ၊ ဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ ကုန်အမှတ်တံဆိပ်ဥပဒေနှင့် မူပိုင်ခွင့်ဥပဒေများကို ရေးဆွဲခဲ့ခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

               ဆက်လက်၍ အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ(USAID)၏ တာဝန်ခံဖြစ်သူ    Mr. Steve Parker နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပညာရေးမြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်အောင်တို့က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

        ထို့နောက် မြန်မာနိုင်ငံ၏ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်များနှင့် စပ်လျဉ်း၍ စာတမ်းများကို ပြည်တွင်း၊ ပြည်ပပညာရှင်များက ဖတ်ကြားဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများ၊ ပြည်တွင်း၊ ပြည်ပပညာရှင်များက မြန်မာနိုင်ငံအသိဉာဏ် ပစ္စည်းမူပိုင်ခွင့်ဥပဒေများနှင့် စပ်လျဉ်း၍ အပြန်အလှန် ဆွေးနွေးခဲ့ကြ‌ပါသည်။ အဆိုပါ ဆွေးနွေးပွဲကို သြဂုတ်လ (၂၀) ရက်နေ့မှ (၂၁) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DSC_0059



Bookmark the permalink.

Comments are closed.