ရန်ကုန်တိုင်းဒေသကြီး ကျောင်းပြင်ပမူလတန်းပညာရေးလုပ်ငန်းဖွင့်ပွဲ အခမ်းအနားကျင်းပ


Date : 12 August, 2017

20746013_1880173182302526_6740699700293221470_o

12 Drop out of edu            ရန်ကုန် သြဂုတ် ၁၂

    ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ရန်ကုန်တိုင်းဒေသကြီး ကျောင်းပြင်ပမူလတန်းပညာရေး လုပ်ငန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းရှိ မုဒိတာခန်းမ၌ကျင်းပသည်။

   အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးလုပ်ငန်းသည် နိုင်ငံတော်အတွက် အထူးအဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွက် အလွန်အရေးပါသော ပညာရေးလုပ်ငန်းဖြစ် ကြောင်း ပြောကြားသည်။

  ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြားရာတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းနေရေးကို အထူးဦးစားပေးလုပ်ငန်းအဖြစ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းနေအရွယ်ကလေးအားလုံး မည်သူတစ်ဦးတစ်ယောက်ကိုမျှချန်မထားဘဲ အရည် အသွေးရှိသည့် ကျောင်းပညာရေးကို သင်ယူခွင့်အခွင့်ရေးရရှိရေးကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းသို့ဆောင်ရွက် ရာတွင် ကျောင်းအဆင့်တိုးပေးခြင်း၊ ကျောင်းသားဦးရေများ တိုးပွားလာသည့်အတွက် လိုအပ်သည့်ဆရာ ဆရာမများ၊ စာသင်ခန်းများ၊ ကျောင်းဆောင်များ၊ သင်ထောက်ကူပစ္စည်းများကို ခွင့်ပြုဘဏ္ဍာငွေ များပေါ်မူတည်ပြီး ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယင်းသို့ကျောင်းအဆင့်တိုးခြင်း၊ သင်ယူမှုအခွင့်အလမ်းများ ရရှိရေးဆောင်ရွက်ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသခံပြည်သူများနှင့် အကောင်းဆုံးပူးပေါင်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ယမန်နှစ်ပညာသင်နှစ်တွင် ကျောင်းသားဦးရေ (၃) သိန်းနီးပါး တိုးတက် လာပါကြောင်း၊ ယခုနှစ်တွင် Grade 1 အတွက် ကျောင်းသုံးဖတ်စာအုပ်ရေးသားပြုစုခြင်းကို JICA နှင့်ပူးပေါင်းဆောင်ရွက်ပြီး လာမည့်နှစ်တွင် Grade 2 ကျောင်းသုံးဖတ်စာအုပ်အသစ်များကို သင်ကြားသွားမည်ဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူတိုင်း အခြေခံပညာသင်ယူပြီးမြောက် ရမည်ဖြစ်ပြီး မူလတန်းနှင့် အလယ်တန်းပညာကို ဆက်လက်သင်ယူရမည် ဖြစ်ပါကြောင်း၊ အလယ်တန်းပညာသင်ယူပြီးမြောက်ပြီး သက်မွေးပညာသင်တန်းကျောင်းများမှ ကျွမ်းကျင်မှုရရှိ မှသာ ကျွမ်းကျင်မှုနှင့်ကိုက်ညီသည့် အလုပ်အကိုင်အခွင့်အလမ်းများကို ရရှိမည်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့်နှင့် တိုင်းဒေသကြီးမှ တာဝန်ရှိသူများ၊ စက်မှုလုပ်ငန်းရှင်များနှင့် ပူးပေါင်းပြီး အုတ်စီသင်တန်း၊ သံချည်သံကွေးသင်တန်း၊ ဝါယာရိန်းသင်တန်း၊ အပ်ချုပ်သင်တန်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လှိုင်သာယာ စက်မှုဇုန်၊ ရွှေပြည်သာစက်မှုဇုန်များတွင် ဒေသလိုအပ်ချက်များကို အထောက်အကူပြုမည့် လူငယ်မောင်မယ်များကို ပြုစုပျိုးထောင်ပြီး ပညာရေးဝန်ကြီးဌာနအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းဖြင့်ပြောကြားသည်။

  ယင်းနောက် ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်မြဲက ကျောင်းပြင်ပ မူလတန်းပညာရေး အကောင်အထည်ဖော်မှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး တိုင်းအထွေထွေ အုပ်ချုပ်ရေးမှူးက သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးများအား မြို့နယ်ကြီးကြပ်မှုကော်မတီ တာဝန်ပေးအပ် လွှာများကို ပေးအပ်သည်။

   ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးက ကျောင်းပြင်ပပညာရေးတွင် သင်ကြားနေသော ကျောင်းသား ကျောင်းသူများအား ဗလာစာအုပ်များနှင့်ခဲတံများပေးအပ်ရာ ကျောင်းပြင်ပမူလတန်းပညာရေး အစီစဉ်အောင်မြင်ပြီး အလယ်တန်းပညာဆက်လက်သင်ယူနေသော ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။

 ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် တာဝန်ရှိသူများသည် လှိုင်သာယာမြို့ အမှတ်(၁) အခြေခံပညာမူလတန်းကျောင်းနှင့် အမှတ်(၁၅)အခြေခံပညာမူလတန်း ကျောင်းများသို့ရောက်ရှိပြီး စာသင်ခန်းများအား လိုက်လံကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.