ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများအတွက် လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရေး ညှိနှိုင်းဆွေးနွေး


Date : 4 June, 2017

3

4 6 Ygn(B -require)

ရန်ကုန် ဇွန် ၄

    ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အရာထမ်းများ၊ ခရိုင်ပညာရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး၌ ကျင်းပရာ ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကားပြောကြားသည်။

     တွေ့ဆုံပွဲ၌ ပြည်ထောင်စု၀န်ကြီးက အမှာစကားပြောကြားရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်း များမှ ဆရာ ဆရာမများအနေဖြင့် ပညာရေးအရည်အသွေးတိုးတက်မြင့်မားရေး ဆက်လက်ကြိုးပမ်းရန်၊ တန်ဖိုးရှိသည့် ပညာရေးစနစ်ဖြစ်ပေါ် လာစေရန်အတွက်အားလုံးညီညွတ်စွာ ပူးပေါင်းပါ၀င်ဆောင်ရွက်ကြစေလိုကြောင်း၊ ကျောင်းသား ကျောင်းသူများအား လူသားကောင်း များဖြစ်အောင် ပြုစုပျိုးထောင်ပေးရန်၊ အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ ကျောင်းများဖွံ့ဖြိုးတိုးတက်ရေးကို ပူးပေါင်းဆောင်ရွက်တတ်စေရေး လေ့ကျင့်ပေးရန်လိုအပ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများအား အချိန်ဇယားများအတိုင်း သင်ကြားသင်ယူမှု ကျွမ်းကျင်တတ်မြောက်အောင် သင်ကြားပေးရန်လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးပညာရေးမှူး၊ ခရိုင်ပညာ ရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်များအနေဖြင့် ကျောင်းအဆင့်များ တိုးမြှင့်ပေးသော်လည်း ယခုပညာသင်နှစ်တွင် လိုအပ်သော ဆရာ၊ စာသင်ခန်း၊ စာသင်ခုံ၊ သင်ထောက် ကူပစ္စည်းများစသည်တို့ လုံလောက်စွာ မဖြည့်ဆည်းပေးနိုင်သေးသော်လည်း ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှစ၍ ခွင့်ပြုဘဏ္ဍာငွေဖြင့် ဖြည့်ဆည်းပေးသွားမည်ကို မိဘအုပ်ထိန်းသူ ပြည်သူများနားလည်အောင် ရှင်းပြပေးရန် လိုအပ်ပါကြောင်းနှင့် မြေပြင်တွင် ကြုံတွေ့နေရသည့် အခက်အခဲများကို ပူးပေါင်းပါ၀င်ဆောင်ရွက်ခြင်းဖြင့် အကောင်းဆုံး ဖြေရှင်းနိုင်ရန် လိုအပ်ပါကြောင်း၊ မိဘအုပ်ထိန်းသူပြည်သူများနှင့်ဆက်ဆံရာတွင် အသိပေးသင့်သည်များကို အသိပေးပြီး ပွင့်လင်း မြင်သာမှုရှိစွာ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ပညာရေးအရည်အသွေးကောင်းမွန်စေရန် ကျောင်းထွက်နှုန်းလျော့ကျရန်၊ သင်ယူ တတ်မြောက်မှုနှုန်းမြင့်မားရန်၊ ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် မိဘဆရာအသင်းများ၏ ပူးပေါင်းပါ၀င်ဆောင် ရွက်မှုသည် အရေးကြီးပါကြောင်း၊ န၀မတန်းတွင် ဘာသာရပ် ၈ မျိုးအနက်မှ ကျောင်းသား၏သင်ယူလိုသည့် ဆန္ဒအရ ဝိဇ္ဇာဘာသာ တွဲသင်ယူနိုင်သည်ကိုလည်း အသိပေးဆောင်ရွက်ရန်၊ အထက်တန်းပြ ဆရာ ဆရာမများအား ဘာသာရပ်အရည်အသွေးမြင့်မားရေး မွမ်းမံသင်တန်းများပေးရာတွင် တက္ကသိုလ်မှ ဆရာ ဆရာမများနှင့် ပူးပေါင်း ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ လိုအပ်ချက်များကို တိုင်းဒေသကြီးအလိုက်၊ မြို့နယ်များအလိုက် စီမံကိန်းများအား ဦးစားပေးအစီအစဉ်ဖြင့် စာရင်းပြုစုတင်ပြရန် လိုအပ်ပါကြောင်း၊ ပညာရေး ၀န်ကြီးဌာနအနေဖြင့် ကျောင်း၊ ကျောင်းအုပ်၊ ဆရာ ဆရာမများ၏ လိုအပ်ချက်များကို အဓိကပံ့ပိုး ဖြည့်ဆည်းပေးနိုင်ရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်းဖြင့် ပြောကြားသည်။

   ထို့နောက် အခြေခံပညာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်နိုင်စိုးက အမှာစကားပြောကြားပြီး ရန်ကုန်တိုင်း ဒေသကြီး ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မာဆွေ က ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ဆောင်ရွက်ထားရှိမှု များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

    ယင်းနောက် တက်ရောက်လာကြသည့် ခရိုင်ပညာရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများနှင့် ကျောင်းအုပ်ဆရာကြီးများက သက်ဆိုင်ရာမြို့နယ်များအလိုက် အခက်အခဲများကိုတင်ပြကြရာ ပြည်ထောင်စု၀န်ကြီးကပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။



Bookmark the permalink.

Comments are closed.