ပြည်ထောင်စု၀န်ကြီး စတုတ္ထအကြိမ်ယဉ်ကျေးမှုဆိုင်ရာ နိုင်ငံတကာဆွေးနွေးပွဲတက်ရောက်


Date : 8 May, 2017

1

ရန်ကုန် မေ ၈

     ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီး ဦးဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့သည် အဇာဘိုင်ဂျန်နိုင်ငံ ဘာ့ကူးမြို့တွင် မေလ ၅ ရက်နေ့မှ ၆ ရက်နေ့အထိ ကျင်းပသော စတုတ္ထအကြိမ် ယဉ်ကျေးမှုဆိုင်ရာ နိုင်ငံတကာဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။

     အဆိုပါ ဆွေးနွေးပွဲသို့ နိုင်ငံပေါင်း ၁၂၃ နိုင်ငံမှ နိုင်ငံအကြီးအကဲများ၊ ၀န်ကြီးများ၊ ညွှန်ကြားရေးမှူး ချုပ်များ၊ နိုင်ငံတကာအဖွဲ့အစည်းများ၏ အကြီးအကဲများ စုစုပေါင်း ၁၅၀၀ ဦးခန့်တက်ရောက်ကြသည်။ လူသား လုံခြုံရေး၊ ငြိမ်းချမ်းရေးနှင့်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယဉ်ကျေးမှုဆိုင်ရာ ချဉ်းကပ်နည်းလမ်း အသစ်များကို ဆွေးနွေးကြသည်။

    ဆွေးနွေးပွဲတွင် ပြည်ထောင်စု၀န်ကြီးသည် မြန်မာနိုင်ငံတွင် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းနေရေး၊ မူလတန်းနှင့် အလယ်တန်းအဆင့် ပြီးမြောက်ရေး၊ အထက်တန်းအဆင့် သင်ကြားသင်ယူမှု အခွင့်အလမ်း မြှင့်တင်ရေး၊ တိုင်းရင်းသားဘာသာစကား သင်ကြားရေးနှင့် တိုင်းရင်းသား ဆရာ ဆရာမများ ခန့်ထားရေး၊ ကျေးလက်ဒေသ၊ ဝေးလံခေါင်းပါးဒေသနှင့် ပဋိပက္ခဒေသတို့မှ ကလေးများနှင့် သင်ကြား သင်ယူမှု အခက်အခဲရှိသောကလေးများ ပညာသင်ကြားရေး၊ ကျောင်းပြင်ပ ပညာရေး၊ တစ်သက်တာပညာရေးနှင့် အခြေခံ စာတတ်မြောက်ရေး၊ ဆရာ ကျောင်းသားအချိုး မျှတရေး၊ ပညာရေးကောလိပ်များကို ဒီဂရီကောလိပ်များသို့ အဆင့်တိုးမြှင့်ရေး၊ မိဘဆရာ ပူးပေါင်းဆောင်ရွက်ရေး၊ အဆင့်မြင့်ပညာရေးနှင့် အဝေးသင်ပညာရေးစနစ် မြှင့်တင်ရေး၊ နည်းပညာနှင့် သက်မွေးပညာရေး မြှင့်တင်ရေး၊ ယှဉ်ပြိုင်စွမ်းအားရှိသော လုပ်သားဈေးကွက် လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်သည့် လုပ်ငန်းအရည်အသွေးပြည့်၀သော လူသားအရင်းအမြစ်များ ပေါ်ထွန်းလာရေးအတွက် လူငယ်လူရွယ်များကို ပြုစုပျိုးထောင်ရေးနှင့် ယူနက်စကိုနှင့်ပူးပေါင်း၍ ပုဂံနှင့်အခြားယဉ်ကျေးမှု နယ်မြေများတွင် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း ဆွေးနွေးခဲ့သည်။

   ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် အဖွဲ့၀င်အဖြစ်လိုက်ပါ သွားသော ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မြင့်တို့ပါ၀င်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် မေလ ၇ ရက်နေ့တွင် ရန်ကုန်မြို့သို့ပြန်လည် ရောက်ရှိကြောင်းသတင်းရရှိသည်။



Bookmark the permalink.

Comments are closed.