တက္ကသိုလ်ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာန ဌာနတည်ထောင်ခြင်း (၆၉)နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားကျင်းပ


Date : 31 May, 2017

2

31 5 Univer(translate&Book)69th

ရန်ကုန် မေ ၃၁

     တက္ကသိုလ်ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာန ဌာနတည်ထောင်ခြင်း(၆၉)နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့တက္ကသိုလ်စိန်ရတုခန်းမ၌ ကျင်းပရာ ပညာရေး ၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် မြန်မာစာအဖွဲ့ အချိန်ပြည့်အဖွဲ့၀င် ဒေါက်တာခင်အေးတို့က အဖွင့်အမှာစကား ပြောကြားသည်။

     အခမ်းအနားတွင် ပြည်ထောင်စု၀န်ကြီးက တက္ကသိုလ်ဘာသာပြန်နှင့်စာအုပ်ထုတ်ဝေရေးဌာနကို ၁၉၄၈ ခုနှစ် မေလ (၈) ရက်နေ့တွင် မြန်မာနိုင်ငံအစိုးရက ဖွဲ့စည်းခွင့်ပြုခဲ့ပြီး ၁၉၄၈ ခုနှစ် ဇွန်လ (၁) ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်၏ လက်အောက်ဌာနအဖြစ် ဖွဲ့စည်းတည်ထောင်ခဲ့ပါကြောင်း၊ စတင်တည်ထောင်ဖွင့်လှစ်စဉ်က တာ၀န်ခံမှာ စာတည်းမှူး (ဌာနမှူး) ဦး၀န်(မင်းသု၀ဏ်) ဖြစ်ပါကြောင်း၊ တက္ကသိုလ်ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာနသည်လည်း တက္ကသိုလ် အသီးသီးနှင့် စာပေလေ့လာလိုက်စားသူများထံသို့ အသိပညာဗဟုသုတများ အရောက်ဖြန့်ဖြူးပေးနိုင်ရန် တက္ကသိုလ်ပညာရပ်ဆိုင်ရာ စာအုပ်များနှင့်စာစဉ်များ ထုတ်ဝေပေးခဲ့သည့် ဌာနဖြစ်ပါကြောင်း၊ ယင်းဌာနသည် စာပေရေးသားမှု အားလုံး၏အရင်းခံဖြစ်သည့် တည်းဖြတ်မှု(Edition)၊ စာပြင်မှု (Proof Reading)တို့ကို အလေးထား ဆောင်ရွက်ခဲ့ရာတွင် ပညာရပ်​ဝေါဟာရအဘိဓာန်၊ တက္ကသိုလ် ကျောင်းသုံးစာအုပ်နှင့် စာစဉ်အမျိုးမျိုး၊ ပညာပဒေသာ စာစောင်မှသည် စွယ်စုံကျမ်းအထိ အမျိုးအမည်များစွာ တည်းဖြတ်ထုတ်ဝေခဲ့ပါကြောင်းဖြင့် ပြောကြားသည်။ ဆက်လက်၍ ပြည်ထောင်စု၀န်ကြီးက ယနေ့(၆၉)နှစ်မြောက် အထိမ်းအမှတ်ဟောပြောပွဲနှင့်အတူ တက္ကသိုလ်ဘာသာပြန်နှင့် စာအုပ် ထုတ်ဝေရေးဌာနက တည်းဖြတ်ထုတ်ဝေခဲ့သည့် စာအုပ်များ၊ ဌာနတွင် တာ၀န်ထမ်းဆောင်ခဲ့ကြသည့် စာပေပညာရှင် ကြီးများ၏ လက်ရာစာကောင်းပေမွန်များကို ပြပွဲခင်းကျင်းပြသ ထားသကဲ့သို့ ဌာန၏မှတ်တမ်းတင်ပုံရိပ်ဓာတ်ပုံများကိုလည်း ပြသထားသည့်အတွက် တက္ကသိုလ်ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာန၏စွမ်းဆောင်ချက်များကို လေ့လာတွေ့ရှိ ရမည်ဖြစ်ပါကြောင်း၊ မြန်မာစာပေမြင့်မားတိုးတက်ရေး၊ တက္ကသိုလ်စာပေ အဆင့်မြင့်မားရေးနှင့် တက္ကသိုလ်ပညာ ရပ်များကို ခေတ်နှင့်အညီ လေ့လာနိုင်စေရေးအတွက် တက္ကသိုလ်ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာနအနေဖြင့် စာပေအခန်းကဏ္ဍစုံမှ အထောက်အကူပြုကြိုးပမ်း ဆောင်ရွက်သွားကြစေလိုကြောင်းဖြင့် ပြောကြားသည်။

     ယင်းနောက် တက္ကသိုလ်ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာန တာ၀န်ခံ ဒေါ်နီလာချစ်ဆိုင်က တက္ကသိုလ် ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာန၏ဆောင်ရွက်မည့် ရေတို၊ ရေရှည် စာပေလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး တက္ကသိုလ်ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာနတွင် တည်းဖြတ်ဆောင်ရွက်ခဲ့သော တက္ကသိုလ် ပို့ချစာစဉ်များနှင့် အသက်မွေး၀မ်းကျောင်း အထူးစာစဉ်များကို တက္ကသိုလ်များဗဟို စာကြည့်တိုက်၊ အမျိုးသား စာကြည့်တိုက်၊ မြန်မာနိုင်ငံစာကြည့်တိုက်အသင်းနှင့် မင်းသု၀ဏ်စာကြည့်တိုက်များသို့ ပေးအပ်လှူဒါန်းသည်။

     ယင်းနောက် တက္ကသိုလ်ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာန ၀န်ထမ်းဟောင်းဖြစ်သူ ဆရာကြီး ဦးမင်းယုဝေ က အခမ်းအနားဖြစ်မြောက်ရန် ကူညီပေးခဲ့ကြသည့် ပုဂ္ဂိုလ်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပြီး တက္ကသိုလ် ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာန တာ၀န်ခံ ဒေါ်နီလာချစ်ဆိုင်က ကျေးဇူးတင် စကားပြောကြားခဲ့ကြောင်း သိရသည်။



Bookmark the permalink.

Comments are closed.