ပဲခူးတိုင်းဒေသကြီး၊ တောင်ငူ၊ ထန်းတပင်မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းများ ကျောင်းအဆင့်တိုးမြှင့်ဖွင့်လှစ်ပွဲ အခမ်းအနားကျင်းပ


Date : 20 August, 2017

20935047_1884171868569324_7491039874521206239_o

        20 Bago

နေပြည်တော် သြဂုတ် ၁၉

        ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် ကျောက်တိုင်ကျေးရွာအခြေခံပညာအထက်တန်း ကျောင်း ကျောင်းအဆင့်တိုးမြှင့် ဖွင့်လှစ်ပွဲ အခမ်းအနားကို သြဂုတ် ၁၉ ရက်နေ့ နံနက် ၉ နာရီတွင် အဆိုပါကျောင်း၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ပြည့်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်၊ ဒေသခံလူမှုရေးအဖွဲ့အစည်းများ၊ တိုင်းဒေသကြီးခရိုင် မြို့နယ်ပညာရေးမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ၊ ဧည့်သည်တော်များ တက်ရောက်ကြသည်။

    ရှေးဦးစွာ ကျောက်တိုင်ရွာ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်ပွဲ အခမ်းအနားအား ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တောင်ငူပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သန်း၊ အခြေခံပညာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်နိုင်စိုးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

     ထို့နောက် အခမ်းအနားအစီအစဉ် ဒုတိယပိုင်းအား ဆက်လက်ကျင်းပရာ ကျောင်းသား ကျောင်းသူလေးများက“ မြန်မာ့ကျောင်း ”သီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။

   ဆက်လက်၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်မှာစကားပြောကြားသည်။ ပြည်ထောင်စု ဝန်ကြီးက အဖွင့်မှာစကားပြောရာတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းနေအရွယ်ကလေးများအားလုံး သင်ယူခွင့် မြင့်မားစေရေး အတွက် ကျောင်းအဆင့်များကို တိုးမြှင့်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခုပညာသင်နှစ်တွင် ကျောင်းအဆင့်တိုးသတ်မှတ်ချက်မူ များနှင့် ကိုက်ညီသော အခြေခံပညာ ကျောင်း (၅၀၉၉) ကျောင်းကို အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးခဲ့ပါကြောင်း၊ ယခုလိုကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်ပေးနိုင်ခြင်းသည် ဒေသခံမိဘအုပ်ထိန်းသူပြည်သူများ၊ ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများ၊ လွှတ်တော် ကိုယ်စားလှယ်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပညာရေးဝန်ကြီးဌာနတို့ ညီညွတ်စွာပူးပေါင်း ဆောင်ရွက်မှုများကြောင့်သာ ဖြစ်ပါကြောင်း၊

     ငြိမ်းချမ်းရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးများသည် ပညာရေးနှင့်ဆက်စပ်နေ၍ မူလတန်းပညာသင်ယူနေသူ အားလုံး မူလတန်းပညာသင်ယူပြီးမြောက်၍ အလယ်တန်း၊ အထက်တန်းဆင့်များကို ဆက်လက်သင်ယူပြီးမြောက်ရေးနှင့် ကျောင်းသား ကျောင်းသူများ၏ ဝါသနာ၊ ဆန္ဒ၊ အရည်အချင်းများအရအသက်မွေးဝမ်းကျောင်းသင်တန်းများနှင့် အဆင့်မြင့် ပညာရေးတို့ကို ဆက်လက်သင်ယူနိုင်ရန် ပြည်သူနှင့်အတူ ဦးတည်ကြိုးပမ်း အကောင်အထည် ဖော်ဆောင်ရွက်နေပါကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေမြဲရေးနှင့် ကျောင်း ထွက်သူပပျောက်ရေးကိုလည်း ဦးစားပေး ဆောင်ရွက်လျက် ရှိပါကြောင်း၊ အကြောင်းအမျိုးမျိုး ကြောင့်ကျောင်းမနေခဲ့ရသူများ၊ ရွှေ့ပြောင်းလုပ်သားများ၏ ကလေးငယ်များကိုလည်း ကျောင်းပြင်ပပညာရေးလုပ်ငန်းများဖြင့် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုပညာသင်နှစ် တွင် ပထမတန်း(Grade-1) ကျောင်းသုံး ဖတ်စာအုပ်အသစ်များနှင့် ဆရာကိုင်စာအုပ်များဖြင့် စဉ်းစားတွေးခေါ်မှု စွမ်းရည်မြင့်မား ရေးအတွက် JICA နှင့်ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း။

     ဆရာ ဆရာမများ၏ သင်ကြားသင်ယူစွမ်းရည် တီထွင်ကြံဆမှုစွမ်းရည်များ ပိုမိုမြင့်မား စေရန်အတွက် (၂) နှစ်သင် ပညာရေးကောလိပ်များကို (၄) နှစ်သင်ပညာရေးဒီဂရီကောလိပ်အဖြစ် အဆင့်မြှင့်တင်နိုင်ရေး စီမံချက်များဖြင့် အဆင့်ဆင့်အကောင် အထည်ဖော် ဆောင်ရွက် နိုင်ရေးစီစဉ်နေပါကြောင်း၊

      အဆင့်မြင့်ပညာကဏ္ဍတွင်လည်း ကျောင်းသား ကျောင်းသူ (၅) သိန်းနီးပါး တက်ရောက် သင်ယူနေသည့် အဝေးသင် တက္ကသိုလ်ပညာရေးကို အရည်အသွေးမြှင့်တင်နိုင်ရေးစီစဉ်နေပြီး အသက်မွေးဝမ်းကျောင်းသင်တန်းများကို တိုးချဲ့ဖွင့်လှစ် ဆောင်ရွက်သွားရန် စီစဉ်လျက် ရှိပါကြောင်း၊

     ဆရာ ဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများအား ပူးပေါင်းဆောင်ရွက် တတ်၍ တာဝန်ယူ တာဝန်ခံပြီး တီထွင်ကြံဆနိုင်သော လူသားကောင်းများ ဖြစ်လာစေရေးနှင့် ဒေသဖွံ့ဖြိုးရေး၊ တိုင်းပြည်ဖွံ့ဖြိုးရေးအထောက်အကူပြု ဖော်ဆောင်ရွက်နိုင်မည့် နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော လူငယ်မောင်မယ်များဖြစ်အောင် ပြုစုပျိုးထောင် သင်ကြားသင်ယူ လေ့ကျင့်နိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးကြစေလိုပါကြောင်း ပြောကြားသည်။

     ယင်းနောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းက အမှာစကားပြောကြားပြီး တောင်ငူမြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါက်တာဥမ္မာထွန်းက တောင်ငူမြို့နယ်၏ ပညာရေး အခြေအနေများကို ရှင်းလင်းတင်ပြသည်။

        ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့တို့က ကျောင်းသုံးဗလာစာအုပ် များကို ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးဌေးဦးနှင့် ကျောင်းသား ကျောင်းသူများက လက်ခံရယူပြီး ကျောင်းအကျိုးတော်ဆောင်အဖွဲ့မှ မိဘတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။ ယင်းနောက် ကျောင်းသားကျောင်းသူ များက “ဇာတိမာန်” သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။

      အလားတူ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ထန်းတပင်မြို့နယ်၊ ရွာသာယာကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအဆင့်တိုးမြှင့်ဖွင့်လှစ်ပွဲသို့ တက် ရောက်ဖွင့်လှစ်ကြသည်။

    ထိုမှတဆင့် ပညာရေးဝန်ကြီးနှင့်အဖွဲ့သည် တောင်ငူမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း နတ်သျှင်နောင် ခန်းမ၌ တောင်ငူမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ ဆရာမများ သက်ဆိုင်ရာတာဝန်ရှိ သူများ၊ ပညာရေးမိသားစုများနှင့် တွေ့ဆုံကာ ပညာရေးဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ ဆွေးနွေးမှာကြားပြီး ပြန်လည်မေးမြန်းဆွေးနွေးအကြံပြု တင်ပြမှုများကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။



Bookmark the permalink.

Comments are closed.