၂၀၁၇ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ


Date : 8 September, 2017

FB_IMG_1504870644680

GIFMaker.org_cBYOs0

နေပြည်တော်၊ စက်တင်ဘာ ၈

     ပညာရေးဝန်ကြီးဌာန၊ ၂၀၁၇ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၂၁) ၌ကျင်းပပြုလုပ်ရာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ပညာရေးမြှင့်တင်မှု ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပညာရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများမှညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ အမျိုးသားပညာရေးမူဝါဒကော်မရှင်အဖွဲ့ဝင်များ၊ အမျိုးသားသင်ရိုးညွှန်းတမ်း ပြုစုရေးဆွဲရေးကော်မတီအဖွဲ့ဝင်များ၊ အမျိုးသားအဆင့်အရည်အသွေးအာမခံမှုကော်မတီမှ ပညာရှင်ကြီးများ၊ နိုင်ငံတကာ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စား လှယ်များ၊ လူမှုအဖွဲ့အစည်းများမှပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဆရာဆရာမများနှင့် ကျောင်းသား ကျောင်းသူများတက်ရောက်ကြသည်။

    ရှေးဦးစွာ အခမ်းအနားကို နေပြည်တော် အမှတ်(၂၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများက တို့အင် တို့အား သီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်သည်။

   အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောရာတွင် မြန်မာနိုင်ငံတွင် ၁၉၆၄ခုနှစ်မှ လူထုအခြေပြုစာတတ်မြောက်ရေး(အသုံးလုံး) လှုပ်ရှားမှုကို မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ အရှေ့စံပြကျေးရွာမှ စတင်ခဲ့သည့် စာတတ်မြောက်ရေးလုပ်ငန်းများ၏ အောင်မြင်မှုအပေါ် ယူနက်စကိုအဖွဲ့ကြီးက ချီးမြှင့်သည်‌့ မိုဟာမက် ရီဇာပါလာဗီဆုကို ၁၉၇၁ခုနှစ်နှင့် နိုမာဆုကို ၁၉၈၃ခုနှစ်တွင် မြန်မာနိုင်ငံက လက်ခံရရှိခဲ့ပါကြောင်း၊ ၁၉၉၀ပြည့်နှစ်တွင် ထိုင်းနိုင်ငံ၊ ဂျွန်တီယံမြို့တွင် ပြုလုပ်ခဲ့သည့် ကမ္ဘာ့ပညာရေးညီလာခံမှ ချမှတ်ခဲ့ သည့် လူတိုင်းအတွက်ပညာရေး(Education For All) အစီအစဉ်အရ မြန်မာနိုင်ငံတွင်လည်း လူတိုင်း အတွက်ပညာရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းမှုဗဟိုကော်မတီတစ်ရပ်ဖွဲ့စည်းခဲ့ပြီးနောက် ကျောင်း ပညာရေးနှင့်အတူ ကျောင်းပြင်ပပညာရေးလုပ်ငန်းကိုလည်း ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ၂၀ဝ၀ ပြည့်နှစ် ဆီနီဂေါနိုင်ငံ၊ ဒါကာမြို့၌ပြုလုပ်ခဲ့သည့် ကမ္ဘာ့ပညာရေးဝန်ကြီးများ ညီလာခံမှာ လူတိုင်းအတွက်ပညာရေး ဒါကာလုပ်ငန်းအညွှန်း ဘောင်တစ်ရပ် ရေးဆွဲပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် မူလတန်းပညာရေးသင်ယူနိုင်မှု အခွင့်အလမ်းဆုံးရှုံးခဲ့ရသူများအတွက် ကျောင်းပြင်ပမူလတန်းပညာရေး (Non-Formal Primary Education-NFPE)ကို မြန်မာနိုင်ငံတွင် ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက် နိုင်ရေးအစပြုဆောင်ရွက်ခဲ့ပါကြောင်း၊ အနည်းဆုံးအခြေခံပညာ မူလတန်းအဆင့်ပြီးမြောက်ရေးနှင့် အလယ်တန်းအဆင့်၊ အထက်တန်း အဆင့်များ ပြီးမြောက် အောင်မြင်နိုင်ရန်အတွက် ပညာရေးဝန်ကြီးဌာနအနေဖြင့် နှီးနွယ်ဝန်ကြီးဌာနများ၊ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောလူမှုရေးအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ ပညာရှင်များနှင့်ပူးပေါင်းပြီး လူတိုင်းအကျုံးဝင် ပညာရေး၊ ကျောင်းနေအရွယ်လွန်ကျောင်းသားကျောင်းသူများအတွက် ကျောင်းပြင်ပမူလတန်းပညာရေးအစီအစဉ်ကို တိုးချဲ့ဆောင်ရွက် ခြင်း၊ ကျောင်းပြင်ပ အလယ်တန်းပညာရေးအစီအစဉ် (Non-Formal Middlie Education- NFME) ကို တိုးချဲ့ဖော်ဆောင်ခြင်း၊ သက်လတ်ပိုင်းနှင့်သက်ကြီးပိုင်းများအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများကို နည်းဗျူဟာသစ်များ ချမှတ်ဆောင် ရွက်ခြင်း များ ပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းပြင်ပနှင့်တစ်သက်ပညာရေးဦးစီးဌာန (Department of Alternative Education)ကို အသစ်ဖွဲ့စည်းပြီး ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးလုပ်ငန်းစဉ်များတွင်ပါရှိသည့် အခြေခံ စာတတ်‌မြောက်ရေးလုပ်ငန်းများ၊ ကျောင်းပြင်ပမူလတန်း၊ အလယ်တန်းပညာရေး၊ စဉ်ဆက်ပညာရေးအစီအစဉ်များကို ဆောင်ရွက် လျက်ရှိပါကြောင်း၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနအနေဖြင့် ၂၀၁၆ခုနှစ်၊ အောက်တိုဘာလတွင် ကယားပြည်နယ်၊ ၂၀၁၇ခုနှစ်၊ ဇန်နဝါရီလတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်၊ ၂၀၁၇ခုနှစ်၊ ဇွန်လတွင် ရခိုင်ပြည်နယ် မြောက်ဦး၊ ကျောက်ဖြူ၊ သံတွဲခရိုင်များမှာ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများကို အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက် နိုင်ခဲ့ပါကြောင်း၊ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် ကျောင်းပြင်ပမူလတန်းပညာရေးအစီအစဉ်ကို (၄၇)မြို့နယ်တွင်လည်းကောင်း၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် (၈၁)မြို့နယ်အထိတိုးမြှင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒီနှစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အတွက် ဆောင်ပုဒ်သည် ဒစ်ဂျစ်တယ် နည်းပညာကမ္ဘာမှာ စာတတ်မြောက်ရေး သည်အခရာ Literacy in a Digital World ဖြစ်ပါကြောင်း၊ ခေတ်မီဒစ်ဂျစ်တယ်နည်းပညာများ ဖွံ့ဖြိုးတိုးတက်နေသည့် ကမ္ဘာထဲမှာ ရှင်သန်နေထိုင်နိုင်ရန်အတွက် စာတတ်မြောက်မှုသည် အဓိက အခရာဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးမှုနည်းနေသေးသည့် ဒေသများတွင် အခြေခံစာတတ် မြောက် ရေးလုပ်ငန်းအပါအဝင် လိုအပ်လျက်ရှိသည့် ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးအစီအစဉ် များကို ဖော်ဆောင်ပေး နိုင်ရန်အတွက် အရေးကြီးပါကြောင်း၊ နယ်စပ်ဒေသများနှင့် မြို့ကြီးများကို ရွှေ့ပြောင်းနေထိုင်ကြသည့် ကလေးများအတွက် စာတတ်‌မြောက်မှုသည်လည်း အလွန်အရေးကြီး ပါကြောင်း၊ စာတတ်မြောက်လာမှသာ အသက်မွေးဝမ်းကျာင်းပညာရေးကို ခေတ်မီနည်းပညာများ အသုံးပြုလေ့လာနိုင်ပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကို လုပ်ဆောင်နိုင်ကြမှာဖြစ်ပါကြောင်း၊ အနာဂတ် မြန်မာနိုင်ငံသည် ငြိမ်းချမ်းသာယာသည့် ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ဦးတည်ဖော်ဆောင်နေခြင်းဖြစ်သည့်အတွက် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ၏ မည်သည့်အရပ် ဒေသတွင်မဆို တန်းတူညီမျှမှုရရှိစေရေးသည် အဓိကလိုအပ်နေမှာဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ရေရှည်တည်တံ့သည့် ပညာရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (National Education Strategic Plan-NESP)(၂၀၁၆-၂၀၂၁)ကို ပြည်သူများနှင့်အတူ ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း၊ အရည်အသွေးမြင့်မားပြီး နိုင်ငံတကာနှင့်ယှဉ်ပြိုင် နိုင်စွမ်းရှိသော လူသားအရင်းအမြစ်၊ လူသားကောင်းများ ဖြစ်ပေါ်လာအောင် ပြည်သူနှင့်အတူ ဝိုင်းဝန်း ကြိုးပမ်းအကောင်းအထည်ဖော် ဆောင်ရွက်ကြရန်တိုက်တွန်းအပ်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။

   ဆက်လက်၍ ၂၀၁၇ခုနှစ် နိုင်ငံတကာစာတတ်မြောက်‌ရေးနေ့အထိမ်းအမှတ် Video Clip ကို ပြသည်။

   ထို့နောက် ၂၀၁၇ခုနှစ် နိုင်ငံတကာစာတတ်မြောက်‌ရေးနေ့အထိမ်းအမှတ် ယူနက်စကို ညွှန်ကြားရေးမှူးချုပ်၏ သဝဏ်လွှာကို မြန်မာနိုင်ငံ ယူနက်စကိုအမျိုးသားကော်မရှင် အတွင်းရေးမှူး၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ကြည်ရွှင်က ဖတ်ကြားသည်။

   ဆက်လက်၍ နေပြည်တာ် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက လူတိုင်းအတွက် ပညာရေးသီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။

   ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဂီတ အနုပညာဖြင့် ဖျော်ဖြေတင်ဆက်သည့် အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

   ယင်းနောက် နေပြည်တော် ပျဉ်းမနား အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက စာတတ်မြောက်ရေး ဝိုင်းကူပေး သီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

  ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည် နိုင်ငံတကာစာတတ်မြောက် ရေးအထိမ်းအမှတ် ခင်းကျင်းပြသထားသော ပြခန်းများကို လှည့်လည်ကြည့်ရှုကြကြောင်း သတင်းရရှိပါသည်။



Bookmark the permalink.

Comments are closed.