ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ဘားအံမြို့ရှိ အဆင့်မြင့်ပညာကဏ္ဍနှင့် အခြေခံပညာကဏ္ဍတို့မှ ပညာရေးမိသားစုများနှင့် တွေ့ဆုံ


Date : 10 September, 2017

DSC_45

sep 10 Pa-an(B&H)

ဘားအံ စက်တင်ဘာ ၁၀

    ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ကရင်ပြည်နယ် လူမှုရေးဝန်ကြီး၊ ကရင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များသည် ယနေ့ နံနက် ၉ နာရီတွင် ကရင်ပြည်နယ် ဘားအံမြို့ ကွန်ပျူတာတက္ကသိုလ်(ဘားအံ)သို့ရောက်ရှိပြီး အဆင့်မြင့် ပညာကဏ္ဍအောက်ရှိ ကွန်ပျူတာတက္ကသိုလ်(ဘားအံ)နှင့် နည်းပညာတက္ကသိုလ်(ဘားအံ)များမှ ပါမောက္ခချုပ် များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ ဆရာမများနှင့်တွေ့ဆုံသည်။

    ထိုသို့တွေ့ဆုံရာ၌ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကား ပြောကြားရာတွင် အဆင့်မြင့်ပညာ ကဏ္ဍအရည်အသွေးမြှင့်တင်ရေးဆောင်ရွက်ရာတွင် အင်္ဂလိပ်စာနှင့် အိုင်စီတီ ဘာသာရပ်များတွင်ပါ ကျွမ်းကျင်စွာတတ်မြောက်ရန် လိုအပ်ပြီး သုတေသနလုပ်ငန်းများပြုလုပ်ခြင်း၊ စာတမ်း ဖတ်ပွဲများကျင်းပခြင်း၊ ပြည်တွင်းနှင့် နိုင်ငံတကာသုတေသနဂျာနယ်များတွင် စာတမ်းရေးသားခြင်းများဆောင် ရွက်ရန် လိုအပ်ပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့် သုတေသနလုပ်ငန်းများမှရရှိလာသော ရလဒ်များဖြင့် သုတေသနစာတမ်းများပြုစုရန်၊ သုတေသနစာတမ်းများဖတ်ကြားပြီး ဝိုင်းဝန်းအကြံပြုမှသာလျှင် လက်တွေ့ ကျပြီး ပိုမိုကောင်းမွန်သော စာတမ်းများ ရရှိလာမည်ဖြစ်ပါကြောင်း၊ သို့မှသာ လက်တွေ့နယ်ပယ်နှင့်နီးစပ်သော ဘာသာရပ်များအား ကျောင်းသား ကျောင်းသူများကို အကျိုးရှိထိရောက်နက်နဲစွာ သင်ကြားပေးနိုင်မည်ဖြစ်ပါ ကြောင်း၊ တက္ကသိုလ်၏အရည်အသွေး မြင့်မားရေး Deep Learning သင်ကြားပေးနိုင်ရန် ဆရာ ဆရာမများ၊ အရည်အသွေးပြည့်မီရန် အရေးကြီးပါကြောင်းဖြင့် ပြောကြားသည်။

   ထို့နောက် ဆရာ၊ ဆရာမများက သုတေသနစာတမ်းရေးသားခြင်းကိစ္စရပ်များ၊ ဆရာ ဆရာမများ အပြောင်းအရွှေ့ကိစ္စရပ်များ၊ ရာထူးတိုးကိစ္စရပ်များ၊ နိုင်ငံခြားပညာတော်သင်ကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူ များက ပြန်လည်ဆွေးနွေးခဲ့သည်။

   ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် ဘားအံတက္ကသိုလ်သို့ ရောက်ရှိပြီး အစည်းအဝေး ခန်းမ၌ ဘားအံတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ ဆရာမများ၊ စီမံခန့်ခွဲမှု ဆိုင်ရာ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံသည်။

   ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညနေပိုင်းတွင် ဘားအံပညာရေးကောလိပ်သို့ သွားရောက်ပြီး ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့်တွေ့ဆုံ၍ အရည်အသွေးပြည့်ဝသော ဆရာ ဆရာမများပေါ်ထွက် လာစေရေးအတွက်ဆောင်ရန်၊ ရှောင်ရန်များအား မှာကြားခဲ့ပြီး ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်လက်ခံနိုင်ရေး၊ မူလတန်း ပညာသင်ယူသော ကျောင်းသားအားလုံး မူလတန်းပညာသင်ယူပြီးမြောက်ရေးနှင့် ကျောင်းထွက်သူပပျောက်ရေး၊ အလယ်တန်း၊ အထက်တန်း ဆက်လက်ပညာသင်ယူရေး၊ ဝါသနာနှင့်အရည်အချင်းအရ ပညာဆက်လက်သင်ယူနိုင်ရေး၊ ကျောင်းသား ကျောင်းသူ များကို ပြုစုပျိုးထောင်ရာတွင် တီထွင်ကြံဆတတ်စေရေး၊ အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် လူသားကောင်းများဖြစ် စေရေး၊ တာဝန်ယူ တာဝန်ခံတတ်သော စိတ်ဓာတ်များမွေးမြူပေးရန် လိုအပ်ပါ ကြောင်းဖြင့် ပြောကြားသည်။

   ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း (ဘားအံ)သို့ရောက်ရှိပြီး အစည်း အဝေးခန်းမ၌ ပြည်နယ်ပညာရေးမှူး၊ ခရိုင်ပညာရေးမှူးများ၊ မြို့နယ်ပညာ ရေးမှူးများ၊ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများ နှင့်လည်းကောင်းတွေ့ဆုံသည်။

   ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နည်းပညာတက္ကသိုလ် (ဘားအံ)သို့ရောက်ရှိပြီး သိပ္ပံ လက်တွေ့ခန်းများ အားလည်းကောင်း၊ အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ) သို့ရောက်ရှိပြီး ကျောင်းအတွင်းရှိ လက်တွေ့သင်တန်းခန်း များအား လည်းကောင်း လှည့်လည်ကြည့်ရှုခဲ့ကြောင်းသိရသည်။



Bookmark the permalink.

Comments are closed.