သက်မွေးပညာရပ်ဆိုင်ရာ ကာလတိုသင်တန်းများ အမှတ်စဉ်(၃/၂၀၁၇)ဆင်းပွဲနှင့် အမှတ်စဉ်(၄/၂၀၁၇)ဖွင့်ပွဲအခမ်းအနားကျင်းပ


Date : 11 September, 2017

21457719_1893836910936153_5043673312240231521_o

 

sep 11 TVET

ဘားအံ စက်တင်ဘာ ၁၁

    ADRA-Myanmar နှင့် NORAD တို့မှပံ့ပိုး၍ အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ)မှ ဖွင့်လှစ်သော ကာလတို သင်တန်းများ အမှတ်စဉ်(၃/၂၀၁၇)ဆင်းပွဲနှင့် အမှတ်စဉ်(၄/၂၀၁၇)ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် ဘားအံမြို့ ဇွဲကပင်ခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေး ဝန်ကြီး ဒေါက်တာတင်ဝင်းကျော်တို့က အမှာ စကားပြောကြားသည်။

   အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ)အနေဖြင့် ပုံမှန်(၂)နှစ်သင်တန်းများအပြင် သက်မွေး ပညာရပ်ဆိုင်ရာ ကာလတို သင်တန်းများကိုလည်း မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် ADRA Myanmar ၊ NORAD၊ Swiss contact တို့နှင့်ပူးပေါင်းပြီး စုစုပေါင်းကာလတိုသင်တန်း အမျိုးအစား (၁၄) မျိုးအထိ ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ယနေ့ကျင်းပသည့် အခမ်းအနား သည် အပတ်စဉ် (၃/၂၀၁၇) သင်တန်းဆင်းပွဲနှင့် (၄/၂၀၁၇) သင်တန်းဖွင့်ပွဲအခမ်းအနားဖြစ်ပါကြောင်း၊ အပတ်စဉ်(၃/၂၀၁၇)တွင် အခြေခံစက်ချုပ်သင်တန်း၊ အဆင့်မြင့်စက်ချုပ်သင်တန်း၊ အခြေခံကွန်ပျူတာသင်တန်း၊ စိုက်ပျိုးရေးသုံးစက်ကိရိယာများ ပြင်ဆင်/ တပ်ဆင်ခြင်းသင်တန်း၊ အိမ်တွင်းမီး တပ်ဆင်ခြင်းလုပ်ငန်း၊ သံဂဟေဆက်ခြင်း အတတ်ပညာသင်တန်း၊ စတီးဂဟေဆက်ခြင်း အတတ်ပညာသင်တန်း၊ ဟိုတယ်ဝန်ဆောင်မှုသင်တန်း၊ ဆံပင်အလှပြုပြင်ခြင်း သင်တန်းနှင့်အမျိုးသားဆံပင်ညှပ်သင်တန်းစသည့် ကာလတိုသင်တန်း (၁၀) မျိုးကို ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ ပြီးဖြစ်ပါကြောင်းဖြင့်ပြောကြားသည်။

   ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ၂၀၁၆ ခုနှစ်တွင် အခြေခံစက်ချုပ်သင်တန်း၊ အဆင့်မြင့်စက်ချုပ် သင်တန်း၊ အခြေခံကွန်ပျူတာ သင်တန်း၊ အဆင့်မြင့်ကွန်ပျူတာသင်တန်း၊ စိုက်ပျိုးရေးသုံးစက်ကိရိယာများ ပြင်ဆင်/တပ်ဆင်ခြင်း သင်တန်း၊ အိမ်တွင်းမီးတပ်ဆင်ခြင်း သင်တန်း၊ သံဂဟေဆက်ခြင်းအတတ်ပညာသင်တန်းစသည့် ကာလတိုသင်တန်း (၇)မျိုးအား (၃)ကြိမ်ဖွင့်လှစ်ပေးခဲ့ပြီး သင်တန်းသား ဦးရေ(၄၂၅)ဦး မွေးထုတ်ပေး နိုင်ခဲ့ပါကြောင်း၊ ၂၀၁၇ ခုနှစ်တွင် လက်ရှိဖွင့်လှစ်လျက်ရှိသည့် ကာလတိုသင်တန်း(၁၀)မျိုးအား (၄)ကြိမ်တိုင် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး အပတ်စဉ်(၁/၂၀၁၇)တွင် သင်တန်းသား သင်တန်းသူ(၁၇၇)ဦး၊ အပတ်စဉ် (၂/၂၀၁၇)တွင် သင်တန်းသား သင်တန်းသူ(၁၂၆)ဦးနှင့် အပတ်စဉ်(၃/၂၀၁၇)တွင် သင်တန်းသား သင်တန်း သူ(၂၃၅)ဦး စုစုပေါင်း သင်တန်းသား သင်တန်းသူ(၅၃၈)ဦး တို့အားမွေးထုတ်ပေးနိုင်ခဲ့ပြီး ယနေ့အချိန်အထိ သင်တန်းအကြိမ်ရေ(၁၀)ကြိမ်မြောက်အထိ အောင်မြင်စွာ သင်ကြားပေးနိုင်ခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ပြီး သင်တန်းသား သင်တန်းသူဦးရေ(၁၁၇၄)ဦးအား သင်တန်းဆင်း အောင်လက်မှတ်များပေးအပ်နိုင်ခဲ့ပြီး ဖြစ်ပါ ကြောင်းဖြင့်ပြောကြားသည်။

   ထို့နောက် ADRA-Myanmar မှ Country Director Mr.Claudio M.Sandoval Maitre က SEAQE Program ၏ လုပ်ဆောင်ချက်များနှင့်အနာဂတ်အစီအစဉ်များအား ရှင်းလင်းတင်ပြပြီး အစိုးရနည်းပညာအထက် တန်းကျောင်း(ဘားအံ)မှ ကျောင်းအုပ်ကြီး ဒေါက်တာချိုယုမွန်က အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကာလတို သင်တန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် တာဝန်ရှိသူများက အပတ်စဉ်(၃/၂၀၁၇) သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များချီးမြှင့်ပြီး ထူးချွန်သူ ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုလက်မှတ်များပေးအပ်ရာ သင်တန်းသား တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။



Bookmark the permalink.

Comments are closed.